အင်းစိန်ထောင် အတွင်းမှ ဂန္တဝင် လူမိုက်ကြီးများအကြောင်း အပိုင်း (၁)


ဇော်သက်ထွေး Tomorrow

ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထဝင် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။

ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်ဝန်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။

အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး  အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ့ပါတယ်။

တပ်မတော် အစိုးရလက်ထက်မှာ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးအတွက် ဒေသအသီးသီးက လူမိုက်တွေ အကုန်လုံး ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချ ခဲ့ပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်က လူမိုက် အသီးသီးနဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ၊ ရဟန်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ ထွေးရောယှက်တင် တစ်ထောင်တည်း၊ တစ်ဆောင်တည်း၊ တစ်ခန်းတည်း နေထိုင်ခဲ့ကြ ရပါတယ်။

အကျိုးဆက်အားဖြင့် နိုင်ငံရေး အကျဉ်းသားတွေရဲ့ စွန့်လွှတ် အနစ်နာ ခံတဲ့ စိတ်ဓာတ်တွေဟာ ထောင်တွင်း လူမိုက်ကြီးများကို သင်ခန်းစာ ပေးခဲ့သလို လူမိုက်ကြီးများရဲ့ သေမထူး နေမထူး စိတ်ဓာတ်တွေ ကလည်း နိုင်ငံရေး အကျဉ်းသားတွေ အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။

 နှစ်ပေါင်း ၃၀ အကျဉ်းထောင် ရာဇဝင်ထဲမှာ စိတ်ချမ်းသာ စရာဆိုလို့ နိုင်/ကျဉ်း တွေကြောင့် ဘယ်ထောင်တွင်း လူမိုက်ကြီးတွေမှ ဒုက္ခမရောက် ခဲ့သလို ထောင်တွင်း လူမိုက်ကြီးတွေ ကလည်း ဘယ် နိုင်/ကျဉ်း တွေကိုမှ ကိုယ်ထိလက်ရောက် ဒုက္ခမပေး ခဲ့ပါဘူး။

ဘဝတူ အကျဉ်းသားများအဖြစ် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စာနာ ထောက်ထားပြီး နေထိုင် ခဲ့ကြပါတယ်။ ဒါပေမဲ့ လူမိုက်ကြီးတွေရဲ့ အစဉ်အလာ ထုံးစံအတိုင်း ရိုးရိုး ရာဇဝတ်မှုနဲ့ ကျလာတဲ့ အကျဉ်းသားတွေ အပေါ်မှာတော့ ဗိုလ်ကျ အနိုင်ကျင့် ချွတ်ခွာ တာတွေ ရှိခဲ့ပါတယ်။

ထောင်တွင်းဝေါဟာရဖြစ်တဲ့ ချွတ်ခွာဆိုတာဟာ ထောင်ထဲကို အမှု အမျိုးမျိုးနဲ့ ရောက်လာတဲ့ အကျဉ်းသားတွေထံက ငွေကြေး၊ စားစရာနဲ့ အဝတ်အစား အသုံးအဆောင်တွေကို ဗိုလ်ကျပြီး ရယူတာဖြစ်ပါတယ်။ ပုဆိုးအသစ်နဲ့ ထောင်ကျလာတဲ့ ကျသစ်ကို ပုဆိုးအဟောင်းပေးပြီး သူ့ပုဆိုး အသစ်ကို ယူဝတ်လိုက်တယ်။

လယ်သာဂျက်ကက် အနွေးထည်ပါလာတဲ့ အကျဉ်းသားဆီကနေ ဆေးလိပ် ၁ဝလိပ် လောက်ပေးပြီး အနွေးထည်ကိုယူတယ်။

 ထောင်ဝင်စာမှာ ပါလာသမျှ စားစရာတွေထဲက စီးကရက်၊ မုန့်၊ ကော်ဖီမှုန့်၊ နို့မှုန့်၊ အချိုမှုန့်၊ အကြော်အလှော် ဟင်းအမျိုးမျိုးကိုလည်း ဆက်သရပါတယ်။ ဒီလိုမှမလုပ်ရင် အကျဉ်းသားခမျာ ဒုက္ခရောက်ပြီ သာမှတ်ပေတော့။  ဒီလုပ်ရပ်တွေ အားလုံးကို ထောင်ဝေါဟာရနဲ့ ချွတ်ခွာဆိုပြီး အတိုချုံးခေါ်တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ရန်ကုန်မြို့ပေါ်အုပ်ချုပ်ရေး ပျက်ပြားခဲ့တဲ့ အချိန်မှာ မြို့နယ်အလိုက် လူမိုက်တွေအများကြီး ထွက်ပေါ် လာပါတယ်။ ဒီလူမိုက်တွေကို တပ်မတော်က အာဏာသိမ်းတော့ အကုန်လုံး ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်လိုက်ပါတယ်။

ဒီလိုနဲ့ အင်းစိန်ထောင်ဟာ မြန်မာနိုင်ငံရဲ့ အမိုက်တကာ့ အမိုက်ဆုံး လူမိုက်တွေရဲ့ အားပြိုင်ရာ ဗဟိုရပ်ဝန်း ဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။

 တပ်မတော် အာဏာမသိမ်းခင်က အင်းစိန်ထောင်မှာ ဘုန်းတန်ခိုး အာဏာကြီးတဲ့ ထောင်အခေါ် တန်းစီးဟာ အီဆတ်လို့ ခေါ်ပါတယ်။

 ဒါပေမဲ့ လူမိုက်တန်းစီးတွေဟာ သူတို့ကို တန်းစီးလို့ခေါ်ရင် မကြိုက် ပါဘူး။ ဒီနာမည်ဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် နောက်ပိုင်းမှာ ထောင်အာဏာပိုင်တွေကို တင်ပြပြီး အမည်ပြောင်း ပေးဖို့ အရေးဆိုခဲ့ ပါတယ်။

 ထောင်တွင်း လူမိုက်ကြီးတွေကို အားကိုးပြီး မ, တစ်ရာသား အကျဉ်းသား တွေကို အုပ်ချုပ်ရတဲ့ ထောင်အာဏာ ပိုင်တွေဟာ တန်းစီးတွေကို အလို လိုက်ပြီး အကျဉ်းသား အရ ရှိဆိုတဲ့ ဝေါဟာရသစ်ကို ပေးအပ်လိုက် ပါတယ်။

အကျဉ်းသား အရာရှိထဲမှာလည်း ရာထူးအဆင့်လိုက်တွေ ရှိပါတယ်။ သူတို့ရင်ဘတ်မှာ ၁ ရစ်၊ ၂ နှစ်၊ ၃ ရစ် စသဖြင့် ရေးထိုးပြီး ရာထူးအဆင့် ခွဲထားပါတယ်။ ၃ ရစ်ကတော့ တစ်ထောင်လုံးရဲ့ အကြီးဆုံး အကျဉ်းသား အရာရှိ ဖြစ်ပါတယ်။ ၂ ရစ်က အဆောင်ကို အုပ်ချုပ်ရတာဖြစ်ပြီး ၁ ရစ်ကတော့ တစ်ခန်းချင်းကို အုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ထောင်စည်း ကမ်းထိန်း ဆိုတာကလည်း ရှိပါသေးတယ်။ ၁ ရစ်တွေကို အခန်းလူကြီး လို့ ဝေါဟာရသစ် ပေးထားပါတယ်။

၁၉၉၀ ကာလတစ်လျှောက် အကျဉ်းထောင်ထဲကို ကြည့်မြင်တိုင် တစ်ပိုင် လုံးရဲ့ လူမိုက်ဖြစ်တဲ့ ကိုစံငြိမ်း၊ အလုံမြို့နယ်  တတစ်ပိုင်လုံးရဲ့ လူမိုက် ဖြစ်တဲ့ စိုးမြတ်၊ ကြံတော သချုႋင်းတစ်ခုလုံးရဲ့ လူမိုက်ကြီးတွေ ဖြစ်တဲ့ ဧရာကြီးနဲ့ အောင်ထွန်း၊ အရေးအခင်း ခေါင်းဖြတ် လူမိုက်ကြီးတွေ ဖြစ်တဲ့ ဗလကြီးနဲ့ ဗိုလ်နီ (တောင်ဥက္ကလာ)၊ ဆေးရုံကြီး လူမိုက်တွေဖြစ်တဲ့ စိန်ဝင်း၊ မာသီး၊ မူဆာ၊ ထိုင်းနိုင်ငံအထိ ကြေးစား လူသတ်သမား လုပ်ခဲ့တဲ့ ကျော်သူ၊ ရဲတွေ ၀ိုင်းဖမ်း တဲ့ကြားက ဗားကရာ ချောက်ထဲမှာ ရှိတဲ့ ရေမြောင်း ကနေ လှိုင်မြစ်ထဲကို ထွက်ပြေး သွားနိုင်ခဲ့တဲ့ ကြည့်မြင်တိုင် ဘူတာ လူမိုက် ဝက်ကလေး။

ဒါ့အပြင် တန်းစီးချုပ် စိုးမြတ်ရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး ဖြစ်ခဲ့ဖူးတဲ့ ဂါဂါကြီးနဲ့ ဂါဂါလေး၊ တစ်ဦးချင်း နာမည် ကျော်ကြားခဲ့တဲ့ လူမိုက်တွေ ကတော့ နှစ် (၁၀၀) ကျွဲကြီး၊ စတော့ဂိတ် ဝင်းတင်၊ အီဆတ်ရဲ့အမှုတွဲ ကရင်လေး၊ ရဲဘက် စခန်းမှာ အီဆတ်ကို အသေ သတ်နိုင်ခဲ့တဲ့ ပြောင်းဖူး မောင်သိန်း၊ ၁၉၈၈ ခုနှစ်မှာ နှမနဲ့ ယောက်ဖကို အမွေကိစ္စကြောင့် လှံနဲတစ်ချက်တည်း ထိုးသတ်ခဲ့လို့ သေဒဏ်ပေးခြင်း ခံခဲ့ရတဲ့ မြဂေါင်၊ မြဂေါင်ကို (၄)ဆောင် ခရမ်းခင်းထဲမှာ ပေါက်တူးနဲ့ ခုတ်သတ်ခဲ့တဲ့ ငရှဉ့်၊ သင်္ဃန်းကျွန်း လူမိုက် မိုးသူ၊ စစ်ကား၊ ကြက်ဖကြီး၊ မင်းမင်း စတဲ့ သူတွေဟာ အင်းစိန်ထောင်ရဲ့ ဂန္တဝင် လူမိုက်ကြီးတွေ ဖြစ်ပါတယ်။

 နိုင်ငံရေး ပုဒ်မဖြစ်တဲ့ ၅ (ည) တွေ ထဲမှာလည်း ထူးထူးခြားခြား လူမိုက် တွေ ကြောက်ရတဲ့ လူမိုက် တစ်ယောက်ရှိပါတယ်။ သူကတော့ ရန်ကုန် မြို့လယ်ကောင်မှာ ကျင်လည်ခဲ့တဲ့ ပတေး ဖြစ်ပါတယ်။

ဒီလူမိုက်ကြီးတွေ အများစုဟာ အချင်းချင်း သတ်ဖြတ်ကြတဲ့ ဥပစ္ဆေဒကံနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ယခုအချိန်ထိ ရှင်သန်နေသူတွေကတော့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး တည်ငြိမ်တဲ့ ဘဝတွေကို ပိုင်ဆိုင် နေကြပါတယ်။

 အထက်မှာဖော်ပြတဲ့ လူမိုက်ကြီးတွေထဲမှာ သြဇာအာဏာ အကြီးဆုံး တန်းစီးကြီး နှစ်ယောက်ကတော့ မဆလအစိုးရခေတ် အင်းစိန်ထောင်ကို အုပ်စိုးခဲ့တဲ့ အီဆတ် ဖြစ်ပြီး နဝတ အစိုးရ ခေတ်မှာတော့ ဥပဓိရုပ် ခန့်ညားပြီး အပြောကောင်းတဲ့ စိုးမြတ် ဖြစ်ပါတယ်။

သူတို့နှစ်ဦး စလုံးဟာ ထောင်ပိုင်ကြီး ထောင်ပိုင်လေးတွေက အထူး အားကိုးရတဲ့ အကျဉ်းသား အရာရှိတွေ ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံး အသတ်ခံခဲ့ ရပါတယ်။

အီဆတ်ဟာ ရဲဘက် စခန်းမှာ ပြောင်းဖူး မောင်သိန်းနဲ့ စကားများလို့ လုံခြုံရေးက သေနတ်နဲ့ ပစ်သတ် လိုက်တာဖြစ်ပြီး စိုးမြတ်ကြီး ကတော့ ထောင်ကပြန်လွတ်မှ စံပြရုပ်ရှင် ရုံရှေ့က မုန့်ဟင်းခါး ဆိုင်မှာ လူမိုက် နှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ် ခြင်းကို ခံခဲ့ရပါတယ်။

သူတို့နှစ်ယောက်လုံးဟာ လူတစ်သောင်း လမ်းလျှောက်ခွင့် မရှိတဲ့ အင်းစိန် အကျဉ်းထောင်က မိန်းဂျေးလ် လမ်းမပေါ်မှာ တရားဝင် လျှောက်ခွင့် ရှိတဲ့ အကျဉ်းသား အရာရှိ ဖြစ်ခဲ့ပါတယ်။

စိုးမြတ်ကြီးဆိုရင် ပလေကပ်ပုဆိုးနဲ့ ရေဘင်မျက်မှန်နဲ့ ကတ်္တီပါ ဖိနပ်စီးပြီး မိန်းဂျေးလ် လမ်းမပေါ်ကို သွားရင် သူ့ရှေ့မှာ ၀ါးဆစ်ပိတ်ကိုင် အကျဉ်းသား သုံးယောက်၊ နောက်မှာ သုံးယောက်၊ လုံခြုံရေး အတွက် ခြံရံခွင့် ရသူဖြစ် ပါတယ်။ ထမင်းစားရင် ဟင်းခွက် ၃၀ နဲ့ ထမင်း စားလေ့ ရှိပြီး ထောင်ရဲ့ ဘာသာရေး ပွဲတွေကိုလည်း ငွေကုန် ကြေးကျ ခံပြီး ကျင်းပ နိုင်သူ တန်စီး တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဒီဂန္တဝင် လူမိုက်ကြီးတွေရဲ့ ဘဝ နိဂုံးကတော့ အတူတူတွေပဲ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ဇော်သက်ထွေး
3 Feb: 2017

Tomorrow မှကူးယူဖော်ပြပါသည်

Comments