အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများအကြောင်း အပိုင်း (၂)


ဇော်သက်ထွေး Tomorrow

• သေဒဏ် ကြိုးလွတ် မြဂေါင် (သို့မဟုတ်) ဥပစ္ဆေဒကကံကို မရှောင်လွှဲနိုင်သူ

အင်းစိန်ထောင်ထဲက လူမိုက်တန်းစီးတွေကို ထောင်အာဏာပိုင်တွေက အကျဉ်းသားအရာရှိလို့ ခေါ်ဝေါ်ဂုဏ်ပြုလိုက်တဲ့ အပေါ်မှာ တန်းစီးတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြပါတယ်။ နာမည် ကျော်လူမိုက် ဗလကြီး (တောင်ဥက္ကလာ ဗိုလ်နီရဲ့အမှုတွဲ)က ဆိုရင် အကျဉ်းသားအရာရှိအဖြစ် အသိအမှတ်ပြုထားတဲ့ အရစ်သုံးရစ်ပါ တံဆိပ်ကို  ရင်ဘတ်မှာ  ချိတ်ရင်း “အပင်မြင့်ရင်တော့ လေတိုက်ခံရ မှာပဲ၊ လေတိုက်မှာ မကြောက်လို့ တောင်ပေါ်တက်နေတာ၊ ငါ့နာမည် ဗလကြီး”လို့ အကျဉ်းသားတွေရှေ့မှာ မိန့်ခွန်းချွေလေ့ရှိပါတယ်။

ထောင်ထဲမှာရှိတဲ့ လူမိုက်ကြီးတွေအနက် ပထမဦးဆုံး ပြောပြချင်တဲ့ လူကတော့ သေဒဏ် ကနေ ထူးခြား အံ့သြဖွယ် လွတ်မြောက်လာသူ သေဒဏ်ကြိုးလွတ် မြဂေါင်ပဲ ဖြစ်ပါတယ်။ မြ ဂေါင် ဟာ ရန်ကုန်သား စစ်စစ်ဖြစ်ပြီး အဲဒီအချိန်က လူမိုက်တွေအင်မတန်ပေါများတဲ့ ဆင်မလိုက်နဲ့ လှည်းတန်းမှာ ကျင်လည် ကျက်စားခဲ့သူ ဖြစ်ပါတယ်။ အမွေကိစ္စကြောင့် အစ်မဖြစ်သူနဲ့ ယောက်ဖကို လှံနဲ့ တစ်ချက်တည်း ထိုးသတ်ခဲ့တဲ့အတွက်ကြောင့် ၁၉၈၄ ခုနှစ်ဝန်းကျင်မှာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ နိုင်ငံတော်သမ္မတ ဦးစန်းယုထံတင်တဲ့ နောက်ဆုံးအယူခံ ပလပ်ခြင်းခံခဲ့ရပြီးတဲ့နောက် သေဒဏ်ပေးဖို့ အကျဉ်းထောင်က ပြင်ဆင်ခဲ့ပါတယ်။ မြဂေါင်ရဲ့ ကျန်းမာရေးကို စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်ကို တိုင်းတာခြင်းတွေ လုပ်ပြီးတဲ့နောက်မှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်နဲ့ မြဂေါင်ကို ပေးမယ့်ကြိုးကို အင်းစိန်ထောင်ထဲက အလုပ်ကြီးဝင်းမှာ ကျစ်ခဲ့ပါတယ်။

သေဒဏ်ပေးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ သေဒဏ်တိုက်မှာရှိတဲ့ အကျဉ်းသား မြဂေါင်ဟာ ရုတ်တရက် အောက်ပိုင်းသေသွားတဲ့ သတင်းဟာ ထောင်ဆေးရုံကို ရောက်ရှိလာပါတယ်။ ထောင်ထဲမှာရှိတဲ့ အာဏာပိုင်တွေနဲ့ အကျဉ်းသား အများစုက မြဂေါင်ဟာ သေဒဏ်ပေးခံရမှာစိုးလို့ ထောင်အခေါ် ရုပ်ရှင်ရိုက် ပြလိုက်တယ်လို့ ထင်ကြပါတယ်။ အင်းစိန်ထောင်ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာစိုးကြည်ကလည်း မြဂေါင် အောက်ပိုင်းသေသွားတယ် ဆိုတာကို လုံးဝ မယုံကြည်ပါဘူး။ ဒါကြောင့် ဆေးရုံကို ရောက်လာတဲ့အခါမှာ မြဂေါင် အောက်ပိုင်း သေမသေစမ်းသပ်ဖို့ ခြေထောက်တွေ၊ ပေါင်တွေကို အပ်နဲ့ထိုး၊ ဆေးလိပ်မီးနဲ့ ထိုးတာ မျိုးတွေလုပ်ကြည့်ပါတယ်။ ဒါပေမဲ့ မြဂေါင်က လုံးဝနာကျင်ဟန်မပြတဲ့အပြင် သူ့ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးဟာလည်း အေးစက်ပြီး လှုပ်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြဂေါင် အမှန်တကယ် အောက်ပိုင်းသေသွားကြောင်း ထောင်ဆေးရုံက ဆေးစာအတည်ပြုချက်ကို အကျဉ်းဦးစီးဌာနရုံးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ခဲ့ပါတယ်။ ဆေးရုံက ပေးပို့တဲ့ ဆေးမှတ်တမ်းအရ မြဂေါင်ကို ၁၉၈၇ မှာ သေဒဏ်ပေးမယ့် အစီအစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ စီးပွားရေးကျဆင်းမှု၊ ကျောင်းသားတွေ ဆန္ဒပြမှု၊ ပြည်သူတွေရဲ့ အထွေထွေ မကျေနပ်မှုတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်တဲ့အတွက် ၁၉၈၈ ဆန္ဒပြမှု အရေးတော်ပုံကြီးနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။

မဆလပါတီဟာ တစ်လအတွင်း သမ္မတသုံးဦး အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ဒေါသတွေက ပိုမိုပြင်းထန်လာတာကြောင့် တိုင်းပြည်ရဲ့ မြို့ပြအုပ်ချုပ်ရေး ပျက်စီးသွားခဲ့ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေး ရပ်ဆိုင်းသွားပြီးတဲ့နောက်မှာတော့ စက်ရုံ၊ အလုပ်ရုံတွေပိတ်ခဲ့ရသလို အကျဉ်းထောင်တွေထဲမှာလည်း အကျဉ်းသားတွေရဲ့ အုံကြွတော်လှန်မှုကြောင့် ထောင်တွေ ပွင့်ခဲ့ရပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးထောင်ဖြစ်တဲ့ အင်းစိန်ထောင်လည်း ပါဝင်သွားခဲ့ပါတယ်။ အင်းစိန်ထောင်ကို စီးနင်းလိုက်တဲ့ အကျဉ်းသားတွေက ထောင်ဝါဒါတွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေကို ထောင်ထဲက တိုက်ခန်းတွေထဲမှာ ပြန်လည်ချုပ်နှောင်ထားခဲ့ပြီး ဂိုဒေါင်တွေကိုဖောက်၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ရိက္ခာတွေအားလုံးကို စိတ်တိုင်းကျထုတ်ယူ သုံးစွဲခဲ့ကြပါတယ်။ ထောင်ထဲမှာအနေကြာတဲ့ နှစ်တစ်ရာကျွဲကြီးလို လူဆိုးကြီးတွေ၊ မြန်မာ့အသံကို လောင်ချာနဲ့ပစ်ခတ်ဖို့ စီစဉ်ခဲ့တဲ့ မန်းငွေအောင်ရဲ့ အမှုတွဲတွေဖြစ်တဲ့ ရစ်ကီ၊ ရစ်ချက်၊ တွတ်ကီတို့ဟာလည်း အကျဉ်းထောင်ပွင့်သွားလို့ အင်းစိန်စျေးထဲအထိ ရောက်ရှိသွားခဲ့ပေမယ့်လည်း တဝဲလည်လည်နဲ့ ဘယ်နေရာကိုမှ ဆက်မသွားတတ်လို့ သူ့အိမ်လိုဖြစ်နေတဲ့ အင်းစိန်ထောင်ထဲကိုပဲ ပြန်ဝင်လာခဲ့ရတာကလည်း အ့ံသြစရာ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်ထပ် ထူးခြားတဲ့ အံ့သြစရာ မှတ်တမ်းကတော့ ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းယူပြီးတဲ့နောက် အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာ နှစ်နည်းတဲ့ လူတွေကို လွှတ်ပေးပြီး နှစ်ကြီးအကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ခြင်း၊ သေဒဏ်အကျဉ်းသားတွေကို ကြိုးမိန့်မှ တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲခြင်း စတာတွေပါဝင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အင်းစိန်ထောင်ဆေးရုံမှာ အောက်တစ်ပိုင်းသေလို့ ဆေးရုံတက်နေရတဲ့ သေဒဏ်ကျ အကျဉ်းသား မြဂေါင်က ခုတင်ပေါ်ကနေ ထခုန်တော့တာပါပဲ။ ဒီအချိန်ကျမှ ဆရာဝန်အပါအဝင် ဆေးရုံဝန်ထမ်းများ၊ အကျဉ်းသားများအားလုံး အံ့သြမှင်သက်သွားခဲ့ရပါတယ်။ မြဂေါင်ဟာ ကြိုးပေးမခံချင်တဲ့အတွက် သေဒဏ်တိုက်ထဲမှာ သူ့ခန္ဓာကိုယ်သူ ဆေးလိပ်မီးနဲ့ အထိုးကျင့်ရင်း နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ သူ့ကို ကြိုးပေးမယ့် အခြေအနေတစ်ရပ်ကို ရှောင်လွဲနိုင်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြဂေါင်ဟာ သေဒဏ်ကနေ လွတ်မြောက်သွားပြီး တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံစေခဲ့ပါတယ်။

ဒါပေမဲ့ ဂန္တဝင်လူဆိုးကြီးတွေရဲ့ဘဝဟာ တစ်ယောက်ကိုတစ်ယောက် အကွက်ချောင်းပြီး သတ်ဖြတ်တဲ့ သံသရာထဲမှာပဲ ဝဲလည်ရစ်ပတ်နေပါတယ်။ မြဂေါင်ကို နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်အတွင်း ရောက်လာတဲ့ နာမည်ကျော် ဗေဒလက္ခဏာဆရာ စံဇာဏီဘိုက သူ့လက္ခဏာကို ကြည့်ပြီး “မြဂေါင် မင်းဘဝက လည်းပင် ကြိုးကွင်းစွပ် သေဒဏ်ပေးခံရမယ့်ဇာတာ လုံးဝမပါပေမယ့် ဥပစ္ဆေဒကကံနဲ့ အဆုံးသတ်ရမယ့် ဇာတာကတော့ ရှောင်လွှဲလို့မရဘူး”လို့ အတတ်ဟောခဲ့ပါတယ်။ ဆရာစံဇာဏီဘို ဟောခဲ့သလိုပဲ အင်းစိန်ထောင်ရဲ့ ဂန္တဝင်လူမိုက်ကြီး ကြိုးလွတ်မြဂေါင်ဟာ သေဒဏ်ကလွတ်ပြီးတဲ့နောက် ၁၉၉၁ ခု သြဂုတ်လမှာ အင်းစိန်ထောင် အမှတ်(၄)အဆောင်မှာ လူတစ်ထောင်ကျော်ကို အုပ်ချုပ်ရတဲ့ တန်းစီး (ခ) အကျဉ်းသားအရာရှိ အဖြစ်လုပ်ရင်း သူနဲ့ဘဝတူ လူမိုက်ကြီးတွေဖြစ်တဲ့ သာကေတ ကွင်းမသိမ်ချောင်းက ငရှဉ့်နဲ့ သင်္ဃန်းကျွန်းက မိုးသူတို့က ပေါက်တူးနဲ့ တောင်ယာထဲမှာ မသေမချင်း ခုတ်သတ်ခြင်းခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်ရဲ့ အသေးစိတ်ကို ရှေ့တစ်ပတ်မှာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဇော်သက်ထွေး

Tomorrow မှကူးယူဖော်ပြပါသည်

Comments