အင်းစိန်ထောင် အတွင်းမှ ဂန္တဝင် လူမိုက်ကြီးများအကြောင်း အပိုင်း (၄)


ဇော်သက်ထွေး Tomorrow

သင်္ဃန်းကျွန်းမှ တက်သစ်စလူမိုက်လေး မိုးသူဟာ အမေကမွေး၊ ထောင်က ကျွေး ဘဝမှာ “တန်း” မရှိပေမယ့် “ဇ” ရှိပါတယ်။ တကယ်တော့ သင်္ဃန်းကျွန်း ရဲ့ တန်းရှိတဲ့ ဆရာကြီးကတော့ (၄) ဆောင် (၆) ခန်းမှာ အခန်း လူကြီး လုပ်နေတဲ့ ယက္ခကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ် ရလာတော့ ထောင်ထဲမှာ ငြိမ်နေပါပြီ။ မိုးသူ ကတော့ အင်းစိန်ထောင်ရဲ့ တန်းဝင်လူမိုက် စာရင်းမှာ ပါရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားပုံ ပေါ်ပါတယ်။ ဒီအခြေအနေမှာ မိုးသူကို ငရှဉ့်က အိပ်မက်တွေပေးပြီး ကောက်စားလိုက်တာ ဖြစ်ပါတယ်။

(၄) ဆောင်ရဲ့ တန်းစီးမြခေါင်နဲ့ ငရှဉ့်ရဲ့ ကမ္ဘာမကြေ ဇာတ်လမ်းကလည်း ရှိနေ ပါတယ်။ ငရှဉ့်ကို ပြန်ဖမ်းမိတော့ ထောင်က နောက်မှုဖွင့်တဲ့ အတွက် ခြေကျင်းနဲ့ နေရပါတယ်။ တိုက်ထဲမှာ လပေါင်းများစွာထားပြီး ငရှဉ့်ကို (၄) ဆောင် ပို့လိုက်တော့ မြဂေါင်က တန်းစီးဖြစ်ပြီး ကောင်းစားနေပါပြီ။ ဒါပေမဲ့ ဘဝတူ အချင်းချင်း သူ့ကိုမကြည့်ဘူးလို့ ငရှဉ့်က ခံစားနေရတယ်။

မြဂေါင် ကလည်း ငရှဉ့်တို့ကို အပူးမခံဘူး။ မိုးသူကတော့ မြဂေါင်နဲ့ ဘာဇယားမှ မရှိပါဘူး။ နာမည်ကြီးချင်တာပဲ သိတယ်။ မိုးသူက ကျွန်တော်တို့ နေတဲ့ အခန်း (၃) မှာပဲ နေပါတယ်။ မှတ်မှတ်ရရ ပြဿနာမဖြစ်ခင် သုံးလေးည လောက်က ကျွန်တော် အပေ့ါသွားတော့ အိမ်သာနံရံကို မှီပြီး မိုးသူက ထိုင်နေတယ်။ သူက ကျွန်တော့် လက်ထဲက ကိုင်ထားတဲ့ ကျောက်ဖရုံယိုကို ကြည့်နေတော့ သနား တာနဲ့ မစားဘဲ သူ့ကိုပေးလိုက်တယ်။

 နောက်တစ်နေ့ညကျတော့ သူက ကျွန်တော့်ကို ကျေးဇူးတင်တဲ့ပုံနဲ့ “အစ်ကိုက လူတွေကို ကြင်နာတတ်တယ်၊ ဘာပဲခိုင်းစရာရှိရှိ ကျွန်တော့်ကိုပြော၊ မကျေနပ် တဲ့လူရှိရင်လည်းပြော၊ ကျွန်တော် သတ်ပေးမယ်” လို့ ပြောပါတယ်။ သူ့စကား ကြားကြားချင်း ကြက်သီး မွေးညှင်းထပြီး ဆံပင်တွေတောင် ထောင်သွားတယ်။ ကပျာကယာပဲ “အာ...ဘာမှ မရှိပါဘူး။ မကျေနပ်တဲ့ သူလည်း မရှိပါဘူး။

 အေးအေး နေပါ ကိုယ့်လူရာ” လို့ ပြောပြီး အမြန်လှည့်ထွက် ခဲ့ပါတယ်။ ဒီလိုလူ ကို စည်းရုံးရတာ ငရှဉ့်အတွက် အင်မတန်လွယ်ကူပါတယ်။

(၁) ခန်းထဲမှာကျတော့ ဂန္ထဝင်လူမိုက်တွေက စုပြီး အိပ်ကြရပါတယ်။ ပြဿနာ မဖြစ်ခင် တစ်ည ငရှဉ့်က အိပ်ချိန်မှာ မအိပ်သေးဘဲ ဘေးနားက လူတွေ ကို လိုက်စနေတယ်။ မြဂေါင်က အိပ်ချိန်ပေးနေချိန်မို့ ငြိမ်ငြိမ်နေဖို့ ငရှဉ့်ကို လှမ်းငေါက်တယ်။ ငရှဉ့်က နားမထောင်ဘူး။ မြဂေါင်က ဒေါသ ထွက်သွားပြီး ငရှဉ့်ကို မတ်တတ် ရပ်ခိုင်းကာ လက်ထဲက ၀ါးခြမ်းပြား သေးသေးလေးနဲ့ တင်ပါးကို သုံးချက် ရိုက်လိုက်တယ်။ ဒီဖြစ်ရပ်က ငရှဉ့်ကို အသား မနာစေ ပေမယ့် အသည်းနာသွားစေတယ်။ ဒါဟာ သူ့ကို အရှက်ခွဲပြီး လူမိုက်ဂုဏ်ကို ထိပါးတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့် နောက်တစ်နေ့မှာ မြဂေါင်ကို သတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

နောက်တစ်နေ့မှာ ငရှဉ့်က မိုးသူကိုခေါ်ပြီး တိုင်ပင်တယ်။ မိုးသူကလည်း သဘောတူတယ်။ ဒါနဲ့ တောင်ယာပစ္စည်းတွေထားတဲ့ ဘုတ်တိုက်ထဲက ပေါက်ပြားတစ်လက်နဲ့ သံတူရွင်းတစ်ချောင်းကို ခိုးယူလိုက်တယ်။

အင်းစိန်ထောင်က နေ့လယ်ဘက်မှာ အကျဉ်းသားတွေကို တရေးတမောအိပ်ဖို့ ခွင့်ပြုထားတယ်။ တောင်ယာတွေက ၃ နာရီလောက်မှ အလုပ်လုပ်ရတာပါ။ နေ့လယ် ၁ နာရီကျော်ကျော်မှာတော့ အဆောင်မှာ အိပ်တဲ့သူအိပ်၊ လှဲတဲ့သူ လှဲနဲ့ အနားယူနေကြတယ်။ မြဂေါင်က (၄) ဆောင်ရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ (၈)ခန်းမှာ အိပ်နေတယ်။ အဲဒီအချိန်မှာပဲ ငရှဉ့်က ပေါက်ပြားကိုကိုင်၊ မိုးသူက သံတူရွင်းကိုကိုင်ပြီး (၈)ခန်းကို ထွက်လာကြတယ်။ သူတို့နှစ်ယောက်ကို ဘယ်သူကမှ သတိ မထားမိဘူး။ (၈)ခန်းရောက်တော့ မိုးသူက သံတူရွင်း ကိုင်ပြီး အပေါက်ဝမှာ ရပ်စောင့်လိုက်တယ်။ ငရှဉ့်က ပေါက်ပြားကိုင်ပြီး အခန်းထဲကို ဝင်သွားတယ်။ မြဂေါင် ထွက်မပြေးနိုင်အောင်လို့ ဖြစ်ပါတယ်။

 မြဂေါင်က ပုသိမ်သူလို့ တစ်ဆောင်လုံးကခေါ်တဲ့ တပ်ပြေးလေး တစ်ယောက် နဲ့ အတူဖက်ပြီး အိပ်နေတယ်။ ငရှဉ့်က အိပ်နေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ ခုတ်လိုက်ပေမယ့် မြဂေါင်ကိုမထိဘဲ ပုသိမ်သူကို ထိသွားတယ်။ မြဂေါင်က နိုးလာပြီး အကျဉ်းသားတွေရဲ့ အိပ်ရာလိပ်တွေ ပုံထားတဲ့ ကစ်ပုံကို ကျွမ်းထိုးပြီး ကျော်သွားတယ်။ မြဂေါင်က ကျွမ်းထိုးတာတော်တယ်။ အခန်းဝမှာ မိုးသူက ပိတ်စောင့်နေတော့ မြဂေါင်က အခန်းထဲမှာပဲ ပတ်ပြေးနေတယ်။ ငရှဉ့်က ပေါက်ပြားနဲ့ လိုက်ခုတ်ပေမယ့် မြဂေါင်ကို မထိဘူး။ ငရှဉ့် မောနေပြီ။

တကယ့်တကယ် လက်ရုံးရည် အရဆိုရင်လည်း ငရှဉ့်က မြဂေါင်ကို မယှဉ် နိုင်ဘူး။ ဒါပေမဲ့ အခန်းထဲမှာ နှစ်ယောက် တစ်ယောက်ဆိုရင် အခြေအနေ မလှမှန်း သိလို့ မြဂေါင်က မိုးသူ ကိုတွန်းပြီး အခန်းထဲကနေ တောင်ယာ ထဲကို ထွက်ပြေးသွားတယ်။ မိုးသူက သံတူရွင်းကိုင်ပြီး နောက်က ပြေးလိုက် နေတယ်။ ငရှဉ့်ကတော့ အမောဖောက်ပြီး ခပ်လှမ်းလှမ်းမှာ ပြတ်ကျန်ခဲ့တယ်။ မိုးသူက နောက်ကနေသာ လိုက်နေတာ မြဂေါင်ကို သံတူရွင်းနဲ့ မရိုက်ရဲဘူး။ ရှိန်နေတာကိုး။ ဒီမြင်ကွင်းကိုကြည့်ပြီး ငရှဉ့်က စိုးရိမ်တကြီးနဲ့ မိုးသူကို လှမ်းအော် လိုက်တယ်။

“မိုးသူ မင်း မြဂေါင်ကို ဒီတိုင်း လွှတ်ပေးလိုက်တော့မလား”

ငရှဉ့်စကားကို ကြားတဲ့ မိုးသူက ချက်ချင်း အသိဝင်လာတယ်။ မြဂေါင် နောက်ကို အရှိန်မြှင့် လိုက်ရင်း ခေါင်းကို သံတူရွင်းနဲ့ ရိုက်ချလိုက်တယ်။ မြဂေါင်က ခေါင်းထိပြီး ခရမ်းပင်တွေ ကြားကို ခွေခနဲ ကျသွားတယ်။ မိုးသူက မြဂေါင်ကို ဘာမှ ဆက်မလုပ်ဘဲ ကြောင်ပြီး ရပ်နေတယ်။ အဲဒီအချိန်ကျမှ ငရှဉ့် ရောက်လာပြီး လဲနေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ စိမ်ပြေနပြေ ခုတ်သတ် လိုက်တယ်။ တကယ်တော့ မြဂေါင်ဟာ မိုးသူရဲ့ လက်ချက်နဲ့တင် အသက် ထွက်သွားပါပြီ။ ဒါပေမဲ့ ငရှဉ့်က သူ့အခန်းကဏ္ဍမပါရင် သိက္ခာကျမှာစိုးလို့ ပွဲကို အပြီးသတ်နေပါတယ်။ တစ်ဆောင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ထောင်တွင်းက လူသတ်ပွဲကို ကြည့်နေကြတယ်။

(၄) ဆောင် အဆောင်မှူး ထောင်မှူး ဦးစိုးဝင်းက ပြေးလာပြီး “မင်းတို့ ဆက် မလုပ်ကြနဲ့” လို့ လှမ်းအော်တယ်။ ငရှဉ့်က ဦးစိုးဝင်းကို လှမ်းကြည့်ပြီး ““အေး ... ခင်ဗျားကိုပါ ခုတ်မယ်၊ လာခဲ့” လို့ လှမ်းပြောတော့ ချက်ချင်းပဲ မိန်းဂျေးလ် အထိ ထွက်ပြေး သွားပါတယ်။

 မိန်းဂျေးလ်မှာ တာဝန်ကျနေတဲ့ ထောင်မှူးကြီး ဦးစောထွန်းသိတော့မှ ငရှဉ့် တို့ဆီကို ကိုယ်တိုင် လိုက်လာပါတယ်။ ဦးစောထွန်းကိုတော့ အင်းစိန်ထောင် ထဲက လူမိုက်ကြီးတွေက ချစ်ကြောက် ရိုသေကြတယ်။

ဦးစောထွန်းက သူ့ရဲ့ ယူနီဖောင်းကို ချွတ်လိုက်ပြီး ပေါက်တူးတွေ၊ သံတူရွင်း တွေ ကိုင်ထားတဲ့ ငရှဉ့်တို့ဆီကို လှမ်းကြည့်ပြီး “မင်းတို့ လာမလား၊ ငါလာရ မလား” လို့ လှမ်းပြောတယ်။ ငရှဉ့်တို့ တွေဝေနေရာကနေ စွပ်ကျယ် ချိုင်းပြတ် နဲ့ ဦးစောထွန်းကို “ဆရာလာရင် လက်နက်ချမယ်” လို့ ပြန်ပြောတယ်။

ဦးစောထွန်းက ယုံယုံကြည်ကြည်ပဲ ငရှဉ့်နဲ့ မိုးသူကို ပခုံးဖက်ပြီး မိန်းဂျေးလ်ကို ခေါ်သွားတော့တယ်။ ဒါတွေက ထောင် “အထာ” ရှိမှ လုပ်ရဲကြတာပါ။

 ဒါကြောင့်လည်း ငရှဉ့်တို့က ဦးစောထွန်းကို ရန်မပြုတာပေါ့။ ဒီတော့မှ ခရမ်းခင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ မြဂေါင်ကို ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေက ဘာဘူစောင်နဲ့ထုပ်ပြီး ဆေးရုံကို အမြန်ပို့တယ်။ ဒါပေမဲ့ မြဂေါင်က အသက် မရှိတော့ပါဘူး။

ကျွန်တော်တို့အားလုံး ခရမ်းခင်းထဲက ခြေရာတွေနဲ့ သွေးတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နေတဲ့ ဝန်ထမ်းတွေကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေ ကြတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ လူ တစ်ယောက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ထွက်သွားပုံကို ဘယ်သူမှ မယုံကြည်နိုင်ကြဘူး။ ဓာတ်ပုံ ရိုက်တဲ့လူတွေ ပြန်သွားတော့ ခရမ်းပင်ပေါ်မှာ ပြန့်ကျဲပြီး ကျန်ရစ်ခဲ့တဲ့ မြဂေါင်ရဲ့ ဦးနှောက်တွေကို ကျီးကန်းတွေက ကောက်ချီပြီး စားသောက်နေကြတယ်။ တကယ့်ကို Jungle Law တစ်ခုပါပဲ။

မိန်းဂျေးလ်မှာ ထောင်ဝါဒါတွေက ငရှဉ့်နဲ့ မိုးသူကို ခြေကျင်းတွေ ခတ်လိုက်တယ်။ သူတို့နှစ်ယောက်ကတော့ ခပ်အေးအေးပုံစံပဲ။ အချင်းချင်း စနောက်နေကြတယ်။ မိုးသူက ငရှဥ့်ကို မြဂေါင်သေသွားတဲ့ အိုက်တင် လုပ်ပြနေတယ်။ ငရှဉ့်က အားပါးတရရယ်နေတယ်။ ပြီးတော့ သူတို့ကို စစ်ခွေးတိုက်ဆီေ ခါ်သွားကြတယ်။

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သတင်းတစ်ခုကတော့ မြဂေါင်သေပြီး တစ်လ မပြည့်ခင်မှာပဲ စစ်ခွေးတိုက်မှာ ငရှဉ့်ဟာ ထူးဆန်းစွာ သေသွားခဲ့ပြန်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး

Tomorrow Journal No. 49 Vol. 3 မှကူးယူဖော်ပြပါသည်။

Comments