ဇော်သက်ထွေး Tomorrow
• ငရှဉ့် (သို့မဟုတ်) စတီးဝပ်အချုပ်ကို မျက်လှည့်ပြခဲ့သူ
အင်းစိန်ထောင်ရဲ့ ဂန္ထဝင်လူမိုက်ကြီး သေဒဏ်ကြိုးလွတ် မြဂေါင်ကို ထောင်ထဲမှာ သတ်နိုင်ခဲ့တဲ့ သာကေတ ကွင်းမသိမ်ချောင်းသား ငရှဥ့်ရဲ့ ရာဇဝင်ကလည်း တော်ရုံတန်ရုံမဟုတ်ပါဘူး။ ငရှဉ့်က ခိုးဆိုးလုယက်မှုပေါင်း များစွာကို ကျူးလွန်ခဲ့တဲ့အတွက် တရားရုံးအသီးသီးက နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ် ချမှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်တတ်တဲ့ ငရှဉ့်တို့လို ဒုစရိုက်သမားတွေက ထောင်အပြင်ကို တစ်နည်းနည်းနဲ့ ထွက်လို့ရအောင် ဒါမှမဟုတ် ထောင်ထဲက ထွက်ပြေးနိုင်အောင် အမြဲတမ်း အကြံထုတ်နေလေ့ရှိပါတယ်။ တကယ်လည်း စိတ်ကူးထားတဲ့ အကြံအစည်အတိုင်း အင်းစိန်ထောင်ထဲက လွတ်သွားခဲ့ပါတယ်။ ငရှဉ့် လွတ်သွားပုံကိုလေ့လာရင် ကြိုတင်အကွက်ချ စီစဉ်မှုမှာ ဆရာကြီးတစ်ပါးဆိုတာ ပေါ်လွင်လာပါတယ်။
၁၉၈၉ကငရှဉ့်ဟာအဆောင် (၃) အခန်း (၄) ရဲ့ အခန်းလူကြီးဖြစ်ပြီး အခန်းစာရေးက သုံးဘီးဖြစ်ပါတယ်။ သုံးဘီးမှာလူနာမည် ရှိပေမယ့် ပါးဖောင်းဖောင်း ရှေ့သွားလေးကထွက်နေလို့ အကျဉ်းသားတွေက သုံးဘီးကားနဲ့ တူတယ်ဆိုပြီး သုံးဘီးလို့ အမည်တွင်ခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ တန်းစီးငရှဉ့်နဲ့ အခန်းစာရေး သုံးဘီးတို့ဟာ ထောင်ထဲကနေ ပုံစံအသီးသီးနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ သုံးဘီးဟာ အင်းစိန်ထောင်ကနေ ပဲခူး လှေလှော်အင်း ရဲဘက်စခန်းကို ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ အကျဉ်းသားတွေကိုလိုက်ပို့တဲ့ ရထားတွဲထဲမှာ သူနဲ့အတူ ရဲဘက်အကျဉ်းသား နှစ်ယောက်နဲ့ ထောင်အခေါ် ကစ်ပုံ(ရဲဘက်အကျဉ်းသားတွေရဲ့ အိပ်ရာလိပ်၊ စောင်၊ စားစရာများကို စုစည်းထားရသောနေရာ) အောက်ခြေကို ဖောက်ပြီး ရထားဘီးတွေအောက်က သံလမ်းမှာ ဝပ်ပြီးနေခဲ့ပါတယ်။ ရထားထွက်သွားတော့ လုံခြုံရေးတွေ မသိဘဲ ဘူတာထဲမှာ သူတို့သုံးယောက် ကျန်ခဲ့ပြီး လွတ်မြောက်သွားခဲ့ပါတယ်။
• အခန်းလူကြီးငရှဉ့်ဟာ သူရဲ့တပည့်ကျော်
သုံးဘီးလွတ်မြောက်သွားတဲ့အကြောင်းကို တဖွဖွပြောရင်း ထောင်ထဲကနေ နေ့စဉ် အားကျနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင် အင်းစိန်ထောင်ထဲက လွတ်မြောက်အောင် ကြံပါတော့တယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရခေတ်မှာ ငွေပေးရင် ဘာမဆိုလုပ်လို့ရတဲ့ခေတ် ဖြစ်ပါတယ်။ ငရှဉ့်ရဲ့အခြေအနေက ထောင်ထဲမှာ အနေချောင်ပြီး ကျသစ်တွေကို စိတ်တိုင်းကျ ချွတ်ခွာနိုင်တာမို့ အင်မတန် ဝင်ငွေကောင်းပါတယ်။ ဒါကြောင့် ငွေများများစုမိရင် မိသားစုကိုတောင် ထောင်ထဲကနေ ပြန်လည်ထောက်ပ့ံနိုင်တဲ့အထိပါပဲ။
ဒီအခြေအနေကိုအသုံးချပြီး ငရှဉ့်က နောက်မှုထွက်ဖို့ ကြံစည်ပါတယ်။ ထိုခေတ်အခြေအနေကလည်း ပိုက်ဆံနည်းနည်းသုံးလိုက်ရင် ငရှဉ့်လို ရာဇဝင်ရှိတဲ့လူမိုက်တွေက အမှုတစ်ခုမဟုတ် တစ်ခုရှာပြီး နောက်မှုထွက်လို့ရပါတယ်။ ထောင်ကျပြီးသား အကျဉ်းသားတွေ နောက်မှုထွက်တဲ့အခါမှာတော့ ခြေကျင်းခတ်လေ့ရှိပါတယ်။ ထောင်အပြင်ကို ထောင်ကျအကျဉ်းသား နောက်မှုထွက်ရင် ခြေကျင်းသံ တချွင်ချွင်နဲ့ပေါ့။ ဒါပေမဲ့ ငရှဉ့်တို့လို ဆရာကြီးတွေအတွက် ထောင်ခြေကျင်းဘုတ်က ပေါ့ပါးပြီး ပါးလှပ်နေတဲ့ အထူးခြေကျင်းတွေ ပြုလုပ်ပေးလေ့ ရှိပါတယ်။ ကြောက်ရတာကိုး။ ဒီခြေကျင်း တွေကတော့ ပါတယ်မထင်ရလောက်အောင် ပေါ့ပါးပါတယ်။
ငရှဉ့်ဟာ မိသားစုနဲ့တိုင်ပင်ပြီး နောက်မှုထွက်ပါတယ်။ လူမိုက်အများစု နောက်မှုထွက်ရတဲ့ ရုံးကတော့ စတီးဝပ်အချုပ်လို့ ခေါ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်က ဘားလမ်းမှာရှိပါတယ်။ စတီးဝပ်အချုပ်ကို ရုံးထွက်ရတဲ့ သူတွေဟာ မိသားစုနဲ့လည်းတွေ့ ခွင့်ရတယ်။
ကိုယ်စားချင်တာလည်း စားလို့ရတယ်။ တစ်ခါတစ်ရံ အမှုစစ်တာနောက်ကျရင် ထောင်ကို ပြန်မပို့တော့ဘဲ စတီးဝပ်အချုပ်မှာပဲ ညသိပ်ချုပ်ထားလိုက်ပါတယ်။ ဒါမျိုးကြုံတွေ့တဲ့အခါမျိုးမှာ ငရှဉ့်တို့လို ပိုက်ဆံပေါတဲ့ လူဆိုးကြီးတွေအတွက် နိဗ္ဗာန်ဘုံပါပဲ။ ညဘက်မှာ တာဝန်ကျရဲဝန်ထမ်းနဲ့ပေါင်းပြီး အရက်ကစလို့ ဆေးခြောက်အဆုံး ကြိုက်တာလုပ်လို့ရပါတယ်။ နောက်တစ်နေ့မှ အချုပ်ကားနဲ့ ထောင်ကိုပြန်ရုံပါပဲ။ ငရှဉ့်က နောက်မှု ရုံးထွက်တာကို အကြောင်းပြုပြီး စတီးဝပ်အချုပ်ကို မျက်လှည့်ပြပြီး ပ ဉ္စလက်ဆန်ဆန် လွတ်မြောက်သွားခဲ့ပါတယ်။ လွတ်မြောက်ပုံ လွတ်မြောက်နည်းကလည်း အင်မတန် ပညာပါပါတယ်။ ငရှဉ့်ဟာ ပထမဆုံးရုံးထွက်တဲ့ တစ်ကြိမ်၊ နှစ်ကြိမ်မှာ ထောင်ဝန်ထမ်းတွေနဲ့ ရဲသားတွေကို အယုံသွင်းနိုင်ခဲ့ပါတယ်။ သူရဲ့ လမ်းကြောင်းကို လိုက်ရတဲ့သူတွေကို ဆေးလိပ်ဆို ဆေးလိပ်၊ လက်ဖက်ရည်ဆို လက်ဖက်ရည် လိုလေသေးမရှိ ကျွေးမွေးထားပါတယ်။ ကားပေါ်ကို အကျဉ်းသား အချုပ်သားတွေ တင်ရာမှာလည်း လူစစ်ဖို့ ဝန်ထမ်းတွေကို အကူအညီပေးခဲ့ပါတယ်။
တစ်ဖက်မှာလည်း သူ့ရဲ့မိန်းမကို နောက်တစ်ခါ လာတွေ့ရင် အရပ်ဝတ်ပုဆိုးနဲ့ ရေဘင်မျက်မှန် ကိုယူလာပေးဖို့ မှာကြားခဲ့ပါတယ်။ မိန်းမက ပေးလိုက်တဲ့ အဲဒီပစ္စည်းတွေကို အင်းစိန်ထောင်ဗူးတံခါးဝမှာ နားလည်မှုယူပြီး ထောင်ထဲကို သွင်းနိုင်ခဲ့ပါတယ်။
ငရှဉ့် ရုံးထုတ်ကနေ လွတ်မြောက်သွားတဲ့နေ့ကတော့ အရပ်ဝတ်ပုဆိုးနဲ့ မျက်မှန်ကို ထောင်ကနေ စတီးဝပ်ကိုသွားရာ အချုပ်ကားပေါ်ကို ဝှက်ပြီးယူလာနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က အကျဉ်းသားတွေရဲ့ ဝတ်စုံက အဖြူရောင်ဝမ်းဆက် ဖြစ်ပါတယ်။ ငရှဉ့်က အရပ်ဝတ်ပုဆိုးကို နှစ်ခေါက်ခေါက်ပြီး အကျဉ်းသားဝတ်စုံ အောက်ကနေခံပြီး ဝတ်လာခဲ့ပါတယ်။ စတီးဝပ်အချုပ်ကို ရောက်လို့ ကားထဲက အကျဉ်းသားတွေ နှစ်ယောက်တစ်တွဲ အပြင်ကို ဆင်းတဲ့အခါမှာ လူမပျောက်အောင် အော်ပြီးရေတွက်ရပါတယ်။ စစ်ဆေးရမယ့်ရဲသားက အလုပ်မလုပ်ချင်တဲ့အတွက် ငရှဉ့်က လူအရေအတွက်ကို အော်ရပါတယ်။ အဲဒီအခါမှာ ငရှဉ့်က နံပါတ်တစ်ခုကို ဖျောက်လိုက်ပြီး ကားထဲကနေ အမြန်အော်ပါတယ်။ လူစာရင်းကိုက်သွားပြီးတဲ့ အခါမှ ကားထဲကနေ အရပ်ဝတ်ပုဆိုးနဲ့ မျက်မှန်နဲ့ လူတစ်ယောက် ဆင်းလာပါတယ်။ ရဲသားက အဲဒီလူကို ထောက်လှမ်းရေးကလို့ထင်ပြီး ဘာမှမစစ်ဆေးခဲ့ပါဘူး။ ဒီလိုနဲ့ ငရှဉ့်ဟာ စတီးဝပ်ထောင်ကနေ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ငရှဉ့်ကအကျဉ်းသားဝတ်စုံ အပေါ်ကနေ အရပ်ဝတ်ပုဆိုးကို ဝတ်၊ ရေဘင်မျက်မှန်တပ်ပြီး ရုပ်ဖျက်ခဲ့ပါတယ်။ သူ့ရဲ့ စပယ်ရှယ် ခြေကျင်းတွေကိုတော့ အသံမမြည်အောင် ခြေသလုံးမှာ ကြိုးနဲ့ချည် ထားလိုက်ပါတယ်။ ဒါကြောင့် ဘာသံမှမထွက်ဘဲ စတီးဝပ်ကနေ လွတ်သွားခဲ့တာ ဖြစ်ပါတယ်။
ငရှဥ့်ပဲဖြစ်ဖြစ်၊ သုံးဘီးပဲ ဖြစ်ဖြစ် အရမ်းလုံခြုံတဲ့ နံရံလေးဘက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုပဲ စွမ်းဆောင်နိုင်ခဲ့နိုင်ခဲ့ သူတို့ရဲ့ အားအနည်းဆုံးကတော့ ချည်တိုင်ကို ပြန်သွားခြင်းပါပဲ။ သုံးဘီးဟာ ရဲတွေကိုခြေရာဖျောက်ပြီး အပြင်လောကမှာ လအတန်ကြာ နေနိုင်ခဲ့ပေမယ့် သူ့ရဲ့မိန်းမဆီကို ပြန်လာတဲ့အချိန်မှာပဲ ဖမ်းမိခဲ့ပါတယ်။ သုံးဘီးလိုပဲ ငရှဥ့်လည်း လုံခြုံရေးဝန်ထမ်းတွေ ရဲသားတွေကို မျက်လှည့်ပြနိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ ချည်တိုင်ကိုပြန်ခဲ့လို့ ဖမ်းမိခဲ့တာပါပဲ။
အင်းစိန်ထောင်ထဲကို ပြန်ရောက်လာတော့ ငရှဉ့်နဲ့ သုံးဘီးဟာ စစ်ခွေးတိုက်ထဲမှာ ပြန်ဆုံခဲ့ကြပါတယ်။ လပေါင်းများစွာ စစ်ခွေးတိုက်ထဲမှာ ပြစ်ဒဏ်ကျခံပြီးတဲ့နောက် ဂန္ထဝင်လူမိုက်ကြီးတွေရဲ့ ပြန်လမ်းအတိုင်း အကျဉ်းသား များစွာရှိနေတဲ့ အိပ်ဆောင်တွေဆီ ပြန်ရောက်လာကြတာပါပဲ။ ငရှဉ့် အင်းစိန်ထောင်ထဲမှာ ဘုန်းမီးနေလ တောက်ပစဉ်က ထောင်အာဏာပိုင်တွေက မွေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်ခိုင်းပေမယ့် ငရှဉ့်က “ခင်ဗျားတို့က လူကောင်းတွေဆိုတာ ကျုပ်သိတယ်”ဆိုပြီး ခိုင်းတိုင်းမလုပ်ခဲ့ပါဘူး။ ထောင်အာဏာပိုင်တွေ ရှေ့မှာတော့ နိုင်ငံရေးသမားတွေကို ဟိန်းလိုက်ဟောက်လိုက် ခြိမ်းခြောက်လိုက်နဲ့ ရုပ်ရှင်ရိုက်လေ့ ရှိပါတယ်။ စစ်ခွေးတိုက်ကနေ အိမ်နိမ့်စံဘဝနဲ့ (၄) ဆောင်ကို ရောက်လာတော့ သေဒဏ်ကြိုးလွတ် မြဂေါင်က တန်းစီးဖြစ်နေပါပြီ။ ငရှဉ့်နဲ့ရင်းနှီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတချို့က စားစရာမရှိတဲ့သူ့ကို သနားပြီး ကြည့်ရှုစောင့် ရှောက်တဲ့အခါမှာ သူပြောနေကျ စကားကတော့ “ကြောင်ကြာကြာ ရေမငုပ်ပါဘူး” ဆိုတာပါပဲ။
ထင်တဲ့အတိုင်းပါပဲ (၄) ဆောင်ကိုရောက်ပြီး သုံးလလောက် အကြာမှာတော့ ငရှဉ့် အကွက်စရွှေ့ပါတယ်။ သူ့အကွက်က အလျော်အစားကြီးပါတယ်။ ဘာလို့လဲဆိုတော့ တန်းစီးမြဂေါင်ကို ဖြိုချဖို့ပါပဲ။
မြဂေါင်ကိုသတ်ဖို့ သူတစ်ယောက်တည်းနဲ့ မဖြစ်ဘူးဆိုတာကို ငရှဉ့်က သိနေတဲ့အတွက် သင်္ဃန်းကျွန်းက တက်သစ်စ လူမိုက်ကလေး မိုးသူကို စတင်စည်းရုံးပါတော့တယ်။ မိုးသူကလည်း မြဂေါင်လို လူမိုက်ကြီးကို သတ်နိုင်ရင် သူလည်း အင်းစိန််ထောင်မှာ တန်းဝင်လူမိုက်စာရင်း ဝင်မှာမို့လို့ ငရှဉ့်ရဲ့ စည်းရုံးမှုကို အလိုက်သင့် လက်ခံခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၉၁ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ အင်းစိန်ထောင် အမှတ်(၄)ဆောင်မှာ ဂန္ထဝင်လူမိုက်ကြီးတွေရဲ့ စာရင်းရှင်းပွဲတစ်ပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။
ဇော်သက်ထွေး
ဆက်လက်ဖော်ပြပါမည်။
Comments
Post a Comment