အင်းစိန်ထောင် အတွင်းမှ ဂန္တဝင် လူမိုက်ကြီးများအကြောင်း အပိုင်း (၅)


ဇော်သက်ထွေး Tomorrow

• ငရှဉ့်ကို ဘယ်သူသတ်တာလဲ

၁၉၉၁ ခုနှစ်ဝန်းကျင်က အင်းစိန်ထောင်ထဲမှာ ဘိန်းစားတွေ အလွန်ပေါတယ်။ ဘိန်းစားအများစုဟာ ပိုက်ဆံချမ်းသာတဲ့ မိသားစုက မွေးဖွားလာသူတွေ ဖြစ်ပါတယ်။ ထောင်ကျခဲ့ပေမယ့် မိဘတွေရဲ့ ကျေးဇူးကြောင့် ထောင်ထဲမှာ ခြေမွေးမီးမလောင် လက်မွေး မီးမလောင် နေကြရပါတယ်။

ထောင်အာဏာပိုင်တွေကို “လိုင်း” ဝင်ထားတဲ့အတွက် ရဲဘက်စခန်းကိုလည်း ထွက်စရာမလိုပါဘူး။ ထောင်ထဲမှာ ကောင်းကောင်းနေရပြန်တော့ ဘိန်းစားတွေက ထောင်ထဲမှာ ဘိန်းစားချင်လာပြန်တယ်။ ဒီတော့ နည်းမျိုးစုံနဲ့ ခိုးသွင်းကြတယ်။ ထောင်ထဲက ဂန္တဝင်လူမိုက်ကြီးတွေကလည်း ဒီအချက်ကို မြင်သွားတော့ ကိုယ်တိုင် ရောင်းဝယ်ဖောက်ကား ကိစ္စတွေလုပ်လာကြတယ်။ ထောင်ထဲမှာ ဘိန်းရောင်းတယ်ဆိုတာ အန္တရာယ်ကြီးပေမယ့် မြိုးမြိုးမြက်မြက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ လူမိုက်ကြီးတွေက သူတို့ကို အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ ထောင်ဝါဒါတွေကို “ချုပ်” လိုက်တယ်။ ပိုက်ဆံရတော့ ၀ါဒါတွေလည်း မသိချင်ယောင်ဆောင်တတ်သွားတာပေါ့။
ဒီလိုနဲ့ အင်းစိန်ထောင်ထဲမှာ ဘိန်းဖြူရော၊ ဘိန်းမည်းရော ပေါပေါလောလောရတယ်။ အဆောင်တွေမှာရှိတဲ့ အများသုံးအိမ်သာမှာ ကျွန်တော်တို့ အိမ်သာတက်ရင် ဘိန်းထိုးနေတဲ့သူတွေကို တွေ့ရတတ်တယ်။ သူတို့ကို လှမ်းကြည့်နေရင် “ဟိတ်ကောင်...ဘာ ကြည့်တာလဲ၊ ကိုယ့်ကိစ္စမဟုတ်ရင် မဆိုင်သလိုနေ” လို့ အပြောခံရတတ်တယ်။ ပြဿနာမတက်ချင်တဲ့အတွက် အားလုံးက မသိကျိုးကျွံပြုနေကြရတယ်။ ထောင်ထဲကို ဘိန်းခိုးသွင်းတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ထောင်ထဲကို ဝင်လာတဲ့ အမျိုးအစားထဲမှာ ဘိန်းဆီလို့ခေါ်တဲ့ ဘိန်းမည်းက စျေးအချိုဆုံးပါပဲ။ ဘိန်းစားတွေက အကျဉ်းထောင် ဥပဒေရဲ့ လစ်ဟာနေတဲ့ အခြေအနေတွေကိုကြည့်ပြီး အသုံးချတတ်တယ်။ သူတို့တွေက ဘိန်းစားပေမယ့်  ဉာဏ်ကောင်းတယ်။ ဘိန်းမည်းကို ဘယ်လိုသွင်းသလဲဆိုတော့ အင်းစိန်ထောင်ဝမှာ အကျဉ်းဦးစီးဌာနက ရောင်းတဲ့ မြေပဲယိုထုပ်တွေရှိတယ်။ မြေပဲယိုတွေကို အထပ်လေးတွေအတိုင်း ပလတ်စတစ်ထဲထည့်ပြီး အထုပ်လိုက် ရောင်းတာကိုး။ ဘိန်းခိုးသွင်းမယ့်သူက အဲဒီမြေပဲယိုထုပ်ကိုဖြည်ပြီး ထန်းလျက်ရည်နေရာမှာ ဘိန်းဆီတွေရောလိုက်တယ်။ ပြီးတော့မှ ပလတ်စတစ်ကို ပြန်ပိတ်ပြီး ထောင်ဝင်စာမှာ သွင်းပေးလိုက်တယ်။ အဆောင်ရောက်တော့ ဘိန်းစားက မြေပဲယိုလေး တစ်ကိုက် ကိုက်လိုက်၊ ရေနွေးလေး သောက်လိုက်နဲ့ မူးယစ်ရီဝေ ပြီး “ကောင်း” သွားတာပေါ့။

နောက်တစ်နည်းကတော့ အင်းစိန်တစ်ထောင်လုံး လိမ်းနေကြတဲ့ ဖိုးဝသနပ်ခါးခဲထဲကိုထည့်ပြီး သွင်းတာပါပဲ။ ဒီပုံစံမှာ ဘိန်းဖြူကို သွင်းတာများပါတယ်။ ဘိန်းဖြူကို ပလတ်စတစ်နဲ့ထုပ်ပြီး အစိုခံထားတဲ့ သနပ်ခါးခဲထဲကို မြှုပ်လိုက်တယ်။ ပြီးတော့ နေအခြောက်ခံပြီး သနပ်ခါးခဲတံဆိပ်ကို ပြန်ကပ်လိုက်တယ်။ လူတစ်သောင်းရှိတဲ့ ထောင်မှာ နေ့စဉ် ရာချီပြီးသွင်းနေတဲ့ သနပ်ခါးခဲထဲက ဘိန်းဖြူထုပ်ကို ရှာဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ သနပ်ခါးခဲက ဓားနဲ့လည်း ထိုးလို့မရဘူး။ အမှုန့်ချေပစ်မှသာ ဘိန်းဖြူထုပ်က ထွက်လာတာပါ။ တတိယ တစ်နည်းကတော့  ဝမ်းချုပ်ရောဂါရှိတဲ့ အကျဉ်းသားတွေကို တိုက်ရိုက်ထိခိုက်ပါတယ်။ အဲဒီအချိန်က ဝမ်းချုပ်တတ်တဲ့သူတွေအတွက် ထောင်ထဲမှာ လုပ်သားမောင် ဝမ်းနုတ်ဆေးကိုပဲ အားကိုးရတာပါ။ ဘိန်းစားတွေက ဆေးနဲ့ အရောင်တူနေတဲ့ ဘိန်းမည်းတွေကို လုပ်သားမောင်ဆေးနဲ့ ရောပြီးသွင်းတာမိသွားလို့ နောက်ဆိုရင် ထောင်ထဲကို လုပ်သားမောင်ဆေး သွင်းလို့မရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

ထောင်မှာ ဘိိန်းမိလို့ စည်းကမ်းတင်းကျပ်ရင်လည်း ဘိန်းစားတွေကတော့ မရ,ရတဲ့နည်းနဲ့ ရှာကြံသွင်းကြတာပါပဲ။ နောက်ဆုံးတစ်နည်းကတော့ အမှုရင်ဆိုင်ပြီး ပြန်လာတဲ့ အကျဉ်းသားတွေက ခန္ဓာကိုယ်ထဲကို ထည့်ပြီးသွင်းလာတာမျိုးပါ။ အပြင်ရုံးထွက်မှာ ပလတ်စတစ်နဲ့ထုပ်ထားတဲ့ ဘိန်းဖြူကို စအိုထဲထည့်ပြီး ထောင်ထဲရောက်မှ မိလ္လာဘုတ်ကိုင်ကို ဆေးလိပ် နှစ်လိပ်ပေးပြီး စအိုထဲက ဘိန်းကို ထုတ်ပါတယ်။ ဘုတ်ကိုင်က သူတို့ကို ဂုန်နီအိတ်စ ကာပေးပြီး အကာအကွယ်ပေးပါတယ်။ တစ်ခါတရံ မစင်တွေနဲ့ ပေကျံနေ တဲ့ ဘိန်းထုပ်ကို ရေသေချာဆေးပြီးတော့ အလုအယက်ရှူကြတော့တာပါပဲ။ တချို့က ပြောင်းပေါ် တင်ပြီးရှူတယ်။ တချို့က ဆေးထိုးအပ်နဲ့ ထိုးတယ်။ တစ်ခါတရံ ဘိန်းဖြူကို ကြုံရာရေနဲ့ဖျော်ပြီး ထိုးကြတာပါပဲ။ အရမ်းရင့်နေတဲ့ သူကတော့ သွေးကြောကို ဘလိတ်ဓားနဲ့ခွဲပြီး အမှုန့်သိပ်တယ်။ အဲဒါက အာရုံကြောကို ပိုပြီးထိတယ်လို့ ပြောတာပဲ။ ဒါကြောင့် HIV ရောဂါရသွားသူတွေ အများကြီးပါပဲ။

ရှူတဲ့သူတွေအတွက် စီးကရက်ဘူးခွံထဲက ငွေရောင်စက္ကူဟာ မရှိမဖြစ်လိုအပ်ပါတယ်။ မျက်နှာမွဲ ဘိန်းစားတွေကတော့ သူဌေးတွေနားကပ်ပြီး သူတို့ပါးစပ်က ထွက်လာတဲ့ အငွေ့တွေကို လိုက်ရှူတယ်။ ဒါကြောင့်လည်း ထောင်ထဲကို ရောက်လာတဲ့ နာမည်ကျော် အနုပညာသမားတစ်ယောက်က ထောင်ထဲမှာ ဘိန်းရှူရတာ လုံခြုံလွန်းလို့ အရမ်းစိတ်ချမ်းသာတာပဲလို့ ပြောပြဖူးပါတယ်။

ရုံးထွက်အကျဉ်းသားတွေက စအိုထဲကို ဘိန်းထည့်ပြီးသွင်းလို့ မိသွားရင်​တံခါးမကြီးမှာ အထူးရှာဖွေရေး လုပ်တတ်ပါတယ်။ ရန်ကုန်မြို့နယ်အသီးသီးက ရုံးထွက်ပြီးပြန်လာတဲ့ အကျဉ်းသားတွေကို စစ်ဆေးဖို့ လက်အိတ်စွပ်ပြီး ဆပ်ပြာရေခွက်ကို ကိုင်ထားတဲ့ စည်းကမ်းထိန်းတွေက အသင့်စောင့်နေပါတယ်။ ထောင်ထဲကို ပြန်ဝင်လာတဲ့ အကျဉ်းသားတွေက တန်းစီပြီး သူတို့ရှေ့ရောက်ရင် ကုန်းပေးရပါတယ်။ စည်းကမ်းထိန်းက လက်အိတ်စွပ်ထားတဲ့ လက်နဲ့ဆပ်ပြာရေဆွတ်ပြီး စအိုရှာဖွေရေးလုပ်ပါတယ်။ ဒီနေရာမှာလည်း ထောင်တွင်း အပေးအယူတွေ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းပါလာတဲ့ အကျဉ်းသားက ရှာဖွေရေးလုပ်တဲ့သူကို မျက်စိမှိတ်ပြလိုက်ရင် ဝေပုံကျ ရတော့မယ်လို့ သိလိုက်ပါတယ်။ ဒါကြောင့် ရှာဖွေရေးလုပ်တဲ့အခါမှာ အထဲကိုမနှိုက်ဘဲ လက်ညိုှးကိုကွေးပြီး ရှာချင်ယောင်ဆောင်လိုက်ပါတယ်။ ပြီးတော့ သွားခွင့်ပြုလိုက်ပါတယ်။ နောက်မှ သူ့ရဲ့အဆောင်ကိုလိုက်သွားပြီး ဝေစုခွဲယူတာပါ။

ဒီလိုအခြေအနေမှာ ငရှဉ့်က မြဂေါင်ကို သတ်လိုက်လို့ စစ်ခွေးတိုက်မှာ ဘုန်းမီးနေလ တောက်ပနေပါပြီ။ ထောင်ထဲမှာလည်း အောင်မြင်ရင် မိတ်ဖွဲ့ချင်သူ၊ ထောက်ပံ့ချင်သူ၊ အပိုင်သားဖြစ်ချင်သူတွေ ပေါပြီး နိမ့်ပါးနေရင်တော့ ၀ိုင်းပြီးထိုးချမယ့်သူတွေ ပေါပါတယ်။ ငရှဉ့်နဲ့မိုးသူက အမှုမပြီးသေးလို့ စစ်ခွေးတိုက်မှာ ထားပေမယ့် အဆောင်အထိ သြဇာလွှမ်းမိုးထားပါတယ်။ အဆောင်က “ဇ” တွေကလည်း ငရှဉ့်တို့ အဆောင်ရောက်လာရင် သူတို့ကို မနှိပ်စက်အောင် အခုကတည်းက ကြိုတင်ဖားထားပါတယ်။ စစ်ခွေးတိုက်ကို ရွှေကျီးမုန့်ကြွပ်နဲ့ နို့မှုန့်ပို့ရတာနဲ့၊ စီးကရက်နဲ့ အချို့မှုန့်ပို့ရတာနဲ့ လှမ်း “ကြပ်”ထားပါတယ်။

ဒါပေမဲ့ လူမိုက်ကြီး ငရှဉ့်က အေးအေးမနေဘူး။ အဆောင်ကသူတွေကို  လှမ်းမှာလိုက်တာက “ငါ ဒါတွေမကြိုက်ဘူး” ဆိုတာပါပဲ။ ဒီစကားကြားတော့ အဆောင်ကလူတွေက “ပေါက်” သွားတယ်။ ဒါကြောင့် ငရှဉ့်ကြိုက်တဲ့ ဘိန်းဖြူကို အထူးလမ်းကြောင်းနဲ့ မရောက်, ရောက်အောင်ပို့လိုက်တယ်။ အခန်းထဲမှာ လုပ်ချင်တာလုပ်ခွင့်ရတဲ့ ငရှဉ့်ဟာ လောဘကြီးပြီး ရောက်လာတဲ့ ဘိန်းဖြူကို ဆေးထိုးပိုက်နဲ့ လက်မောင်းကနေ ထိုးသွင်းနေတဲ့ အချိန်မှာ အချိန်အဆမှားပြီး အကြောလွဲသွားလို့ Overdose ဖြစ်သွားတယ်။ တာဝန်ကျဝန်ထမ်းတွေ သွားကြည့်တော့ အခြေအနေ မကောင်းတော့ပါဘူး။ ပါးစပ်မှာ အမြှုပ်တွေထွက်ပြီး အသက်ကုန်နေပါပြီ။ ဒီလိုနဲ့ ငရှဉ့်လည်း လောကကြီးထဲက ထွက်ခွာသွားရတော့တာပါပဲ။ အင်းစိန်မြို့နယ် တရားရုံးကတော့ ထောင်တွင်း လူသတ်မှုအတွက် သေသွားတဲ့ ငရှဉ့် ကို ၁၂ နှစ်၊ မိုးသူကို ၁၀ နှစ် ပြစ်ဒဏ် ပေးခဲ့ပါတယ်။

ဂန္ထဝင် လူမိုက်ကြီးတွေရဲ့ စိတ်တွေဟာ အကဲဆတ်လွန်းလှပါတယ်။ ထောင်တွင်းပြစ်မှုတစ်ခုကြောင့် စစ်ခွေးတိုက်ရောက်နေတဲ့ လူမိုက်ကြီး နောက်တစ်ယောက်ဖြစ်တဲ့ သားသားကလည်း ထောင်ပိုင်ကြီးကို တွေ့ခွင့် တောင်းရာမှာ မတွေ့ရလို့ အခန်းဖော် လှဦးကို ဘာရန်ငြိုးရန်စမှ မရှိဘဲ အလေးသွားတဲ့ ဂန်ဖလား အောက်မှာ ခုထားတဲ့ အုတ်နီခဲနဲ့ ထုသတ်ခဲ့ပါတယ်။ ခရမ်းသုံးခွက သားသားရဲ့ ထောင်တွင်း အဖြစ်အပျက်တွေကလည်း အံ့သြထူးဆန်း မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ဇော်သက်ထွေး

Tomorrow Journal No. 50 Vol. 3 မှကူးယူဖော်ပြပါသည်​။

Comments