ဂီတသင်ခန်းစာများကို စနစ်တကျ သင်ယူလေ့လာဖို့ ဂီတသီအိုရီအနည်းအကျဉ်းကို လေ့လာရပါတော့မယ် ။ သီအိုရီဆိုလို့ ခေါင်းမကိုက်ပါနဲ့ဗျာ ။ ဂီတသမားတိုင်း မရှိမဖြစ်သိသင့်တဲ့ ဗဟုသုတလေးတွေပါ ။ လွယ်ကူပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ပထမဆုံး ... ဂီတသီအိုရီမှာ ပါဝင်တဲ့ ခေါင်းစဉ်တစ်ချို့ကို အကြမ်းမျဉ်း တစ်ခေါက်လောက် မှတ်သားလိုက်ရအောင် ။ ။
(Sound)အသံ
Sound is the result of sound wave or vibrations of the air.
အသံဆိုတာ လေလှိုင်းတွေရဲ့တုန်ခါနှုန်းကြောင့် ဖြစ်ပေါ်လာတာပါ ။ လေထုရဲ့ တုန်ခါခြင်းတွေကို အသံလှိုင်းလို့ ခေါ်ပါတယ် ။ အဲလို ... စတင်ထွက်ပေါ်လာတဲ့ နေရာမှ လေထုရဲ့ တုန်ခါခြင်းကြောင့် လေလှိုင်းများဖြစ်ပေါ်လာပြီး ... လေထုထဲမှ ကြားခံအဆင့်ဆင့်ဖြတ်သန်းကာ ... ခင်ဗျားရဲ့ နားဆီကိုရောက်လာတဲ့ အသံ၂မျိုး ရှိပါတယ် ။ အဲဒါကတော့ ... သာယာသံ နှင့် ဆူညံသံ တို့ ဖြစ်ပါတယ် ။ အဲဒီ၂ခု ဘာတွေ ကွာခြားလည်း ကြည့်ရအောင် ။
Musical sound is produced by regular or continuous vibration .
ရူပဗေဒသဘောအရ ... ဂီတသံဆိုတာ တုန်ခါနှုန်းများ အဆက်မပြတ် (သို့) ညီညာစွာ ထွက်ပေါ်နေတဲ့ အသံတွေပဲ ဖြစ်ပါတယ် ။ တနည်းအားဖြင့် သာယာနာပျော်ဘွယ်ဖြစ်စေတဲ့ အသံ (ဝါ) ဂီတသံတွေ ဆိုတာ အဆက်မပြတ် ညီညာတဲ့ တုန်ခါနှုန်းတွေ ပါပဲ ။ ညီညာတဲ့ တုန်ခါနှုန်းတွေကြောင့်လည်း သာယာနာပျော်ဖွယ်ဖြစ်တယ်လို့ ခင်ဗျား ခံစားရတာ ဖြစ်ပါတယ် ။
Noise is produced by irregular vibration.
ဆူညံသံတွေကတော့ ပုံမှန်မဟုတ်တဲ့ ၊ မညီညာတဲ့ တုန်ခါခြင်းမှ ထွက်လာတဲ့အသံတွေပါ ။ တနည်းအားဖြင့် သာယာသံမဟုတ်ရင် noise လို့ ပြောလို့ရပါတယ် ။ ဥပမာ - ကားဟွန်းသံ ၊ ဖန်ခွက်ကွဲသံ ၊ အော်ကြီးဟစ်ကျယ် လင်မယားရန်ဖြစ်သံ ၊ ဝုန်းကနဲ တံခါးဆောင့်ပိတ်သံ ၊ လော်စပီကာသံ .. အဲဒါတွေအကုန်လုံး noise ထဲ ထည့်ထားလိုက်ဗျာ ။ ဂီတသံနှင့် ဆူညံသံတို့ရဲ့ တုန်ခါနှုန်းများကို အောက်က ဥပမာပုံမှာ ယှဉ်ပြထားပါတယ် ။
(Tone)
Any musical sound is called Tone .
ဂီတသံ (ဝါ) တူရိယာသံတွေကို Tone ဆိုတဲ့ ဝေါဟာရဖြင့် ခေါ်ဝေါ် အသုံးပြုကြပါတယ် ။ ဒီတော့ ကျွန်တော်တို့က မည်သည့် ဂီတသံကိုမဆို Tone လို့ ခေါ်နိုင်ပါတယ် ။ ဂီတသံတွေမှာ သံစဉ်နိမ့် ၊ မြင့် မတူညီတဲ့အသံ ၁၂ သံ (twelve tones) ရှိပါတယ် ။ အဲဒါကို piano ဖြင့် ဥပမာပေးပြီး ရှင်းပြပါမယ် ။ သီအိုရီကို pianoနဲ့တွဲပြီးလေ့လာတဲ့အခါ ပိုပြီး လွယ်ကူရှင်းလင်းပါတယ် ။ pianoရဲ့ Middle C ခလုတ်မှစ၍ ကြည့်ပါ ။ C , D , E , F , G , A , B ဆိုတဲ့ အဖြူရောင်ခလုတ် 7ခု ရှိပါတယ် ။ အဖြူရောင်ခလုတ်များရဲ့ ကြားမှာ အနက်ရောင်ခလုတ် ၅ခု ရှိပါတယ် ။ အဲဒါတွေကတော့ အဖြူရောင်ခလုတ် C နှင့် D , D နှင့် E , F နှင့် G , G နှင့် A , A နှင့် B တို့ရဲ့ကြားမှာ ဖြစ်ပါတယ် ။ အဖြူရောင်ခလုတ် ၇ခုနှင့် အနက်ရောင်ခလုတ်၅ခု စုစုပေါင်း၁၂ခု ၊ ဂီတသံ၁၂သံ ဖြစ်ပါတယ် ။ အဲဒီ ၁၂သံကို one octave လို့ခေါ်ပါတယ် ။ piano တစ်လုံးမှာ သံစဉ် 7 octaves အထိ တီးခတ်နိုင်ပြီး ၊ ဂစ်တာမှာတော့ ပျမ်းမျှ 3 ovtaves ၊ အများဆုံး 4 octaves အထိပဲ တီးခတ်နိုင်ပါတယ် ။
(Pitch)
Pitch is the highness or lowness of a musical sound.
ဂီတသံမှာ တုန်ခါနှုန်းတွေ မတူညီကြတဲ့အတွက် အသံနိမ့် ၊ အသံမြင့် စသည်ဖြင့် ကွဲပြားနေပါတယ် ။ အသံမြင့်တွေက တုန်ခါနှုန်းများပြီး အသံနိမ့်တွေက တုန်ခါနှုန်း နည်းပါးကြပါတယ် ။ အဲဒီမတူညီတဲ့ ဂီတသံနိမ့် ၊ မြင့်တွေကို Pitch လို့ ခေါ်ပါတယ် ။
(Intervals)
An Interval is the measure of the difference in pitch between any two musical sound.
Interval ဆိုတာ ဂီတနုတ်၂လုံး (သို့) ဂီတသံနှစ်ခုရဲ့ အကွာအဝေး (သို့) သံစဉ်နိမ့် ၊ မြင့် ခြားနားချက် ဖြစ်ပါတယ် ။ ဂီတရဲ့ ဖွဲ့စည်းပုံကို လေ့လာဖို့အတွက် Interval ဟာ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဒေါက်တိုင်တစ်ခု ဖြစ်ပါတယ် ။ Intervalကို ချဉ်းကပ်ဖို့ အရင်ဆုံးလေ့လာဖို့ကတော့ Half-step နှင့် Whole-step ပါ ။ Half-step ဆိုတာ တဝက်သံ ဖြစ်ပြီး ၊Whole-step ဆိုတာကတော့ အသံပြည့် ဖြစ်ပါတယ် ။ အောက်မှာ အသေးစိတ် ထပ်ရှင်းပြ ထားပါတယ် ။
Half-step or Semi-tone (ထက်ဝက်သံ)
A half-step or semi-tone is the smallest difference of musical interval in pitch.
Half-step (သို့) semi-tone ဆိုတာ ဂီတသံတွေရဲ့ အနည်းဆုံး၊ အငယ်ဆုံး သံစဉ်ကွာခြားချက်ဖြစ်ပါတယ် ။ ဥပမာ - C မှ C# , E မှ F , F# မှ G .. စသည်တို့မှာ Half-stepများ ဖြစ်ကြပါတယ် ။ pianoမှာ ကပ်လျက်ခလုတ်များ (အဖြူမှအမည်း) တို့ဖြစ်ပြီး ၊ ဂစ်တာမှာဆိုရင်လည်း ကပ်လျက် လက်ကွက်များ ဖြစ်ကြပါတယ် ။
Whole step or Whole tone (အပြည့်သံ)
A Whole step or Whole tone is the equivalent of two Half-steps .
Whole step ဆိုတာတော့ အပြည့်သံပါ ။ Half step ၂ခုနှင့် ညီမျှ ပါတယ် ။ ဥပမာ - C မှ D , Eb မှ F , G♯ မှ A♯ … စတဲ့ Half step ၂ခုရှိတဲ့ အကွာအဝေးတိုင်းဟာ whole step များ ဖြစ်ကြပါတယ် ။ ဂစ်တာမှာတော့ လက်ကွက် ၁ကွက်ကျော်မှ အသံများဖြစ်ပါတယ် ။
( အထက်ပါ ပုံထဲကအတိုင်း ကပ်လျက်အသံများမှာ Half step များ ဖြစ်ကြပြီး ၊ Half step ၂ခု ပေါင်းထားသော တကွက်ကျော်မှ အသံများသည် whole step များ ဖြစ်ပါသည် ။ )
Degree
A Degree is a step. The step may be either a Half step or Whole step, but it is always from one letter to the next letter.
မည်သည့် Half step (သို့) Whole step မဆို Degree လို့ခေါ်ပါတယ် ။ သို့သော် letter (အက္ခရာ)များ ကွဲပြားရပါမယ် ။ ဥပမာ- A နှင့် B သည် Whole step ၊ B နှင့် C သည် Half step များဖြစ်ကြပြီး ၊ ၎င်းတို့ ၂ခုလုံးသည် Degree များ ဖြစ်ကြပါသည် ။ Degreeတွင် A မှ A♯ , C မှ C♯ ဟူ၍မရှိပါ ။ letter (အက္ခရာ)များ ကွဲပြားရမည်ကို သတိပြုပါ ။ A မှ Bb, C မှ Db ဟူ၍ ဖြစ်ပါသည် ။
ဒီနေ့တော့ ဒီလောက်ပါပဲ ။ နောက်နေ့တွေမှာ ဒီထက်ပိုပြီး အသေးစိတ် အကြောင်းအရာတွေကို ထပ်ပြီး လေ့လာကြပါမယ် ။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ ။
Comments
Post a Comment